Monday, 5 March 2012

သံသရာအမုန်း

ဟော...ကြည့်စမ်း ကြည့်စမ်း
တ၀ုန်းဝုန်းနဲ့ ၀ရုန်းသုန်းကား
ပွင့်နေလိုက်ကြ….
အမုန်းပန်းတွေသာ
မဆီမဆိုင်
ငါ့ဆီ ဦးခိုက်နေကြပါရောလား….။

ဘာကြောင့်များပါလိမ့်
မှန်း …..အတိတ်က အရိပ်
တိုးတိတ် ကြည့်စမ်းမယ်။

ကန္တာရ ခရီးတစ်လျှောက်
ကံတရား အမြီးသဘောလောက်သာ
မင်းနားလည်ခဲ့ရင်...
အမုန်းနံ့ကင်းတဲ့ ပန်းတစ်ပွင့်အတွက်
နိမိတ်ပြအဆင့်လောက်နဲ့လည်း နမ်းခွင့်ပေးခဲ့သင့်တယ်...။

ညုတုတု အမူယာလေးတွေ
တယုတယ အပြုစုလေးတွေ
ကွင်းစ ကွင်းပိတ်နဲ့
ဘယ်နှစ်ကြိမ်မြောက်ဆိုတာ
လူသိရှင်ကြား ကြေငြာခဲ့ဖို့
ဘယ်မလဲဗျို့ 
ကိုယ့်…ကိုယ်ပိုင်ဂဏန်းတွေ…..

ထုံးတမ်းမရှိတဲ့ သုညဆိုတာကို
ပုံချပစ်ဖို့ တောင် ကုန်ကျမှာ စိုးပါစ….။

ဒဏ္ဍာရီထဲမှာ
အသေအချာ တေးထားသင့်တာလေးတွေ
မျှင်မျှင်ကလေးမှ မရှိခဲ့လေတော့
နဂိုကမှ ဖရိုဖရဲ
ယဲ့တဲ့တဲ့စိတ်
ကြာလာတာနဲ့ အမျှ
အချဉ်ပါပေါက်ခဲ့ရ….။

အစကတော့ အငွေ့ထတော့မတတ်
လောင်နေတဲ့ အပူမီးတွေ
အောင့်အီးဖို့
အသင်္ချေများစွာထိ
အသီးသီး ရွှေ့ဖို့ ကြိုးစားကြည့်သေးတယ်။

ဒါပေမယ့်...
မဟုတ်မဟတ်သလို ခံစားရတဲ့
ငါ့လုပ်ရပ်တွေအတွက်
ဆိုင်သူ ငိုမယ်
မဆိုင်သူလည်း ငိုမယ်
နောက်ဆုံး ဘုရားသခင်ပါ ငိုမှာစိုးတယ်...။

ကဲ…ယနေ့မှစ
တမင်လှမ်းခဲ့မိ… ခြေလှမ်းများ ဘွာခပ်စေ…။
ပိုးဟပ်နစ်… ကော်ဖီခွက်များ စွန့်ပစ်စေ….။
သကျသွေးမစစ် ညစ်ထေးထေး သွေးသားများလည်း အသစ်လဲစေ….။
ပွဲတိုင်းကျော် မဟာအောင်ဆေးကြီးများ
သိက္ခာရှိရှိ အသုံးချနိုင်တဲ့ အကယ်ဒမီရှော့ ပိုင်ရှင်တစ်သိုက်
အနားမှ ခွါစေ…။

စာကြည့်စားပွဲပေါ်မှာ
ဝပ်အားကောင်းပြီး
ဖြူဖွေးဆွတ်နေတဲ့
မီးတစ်လုံးနဲ့ပဲ
လှန်လှောလိုက်တဲ့ စာမျက်နှာတိုင်းဟာ
ဓမ္မတွေချည်းဖြစ်ဖို့ ကြိုးစားရင်း ….

အသက်မကချစ်ရတဲ့ ကမ္ဘာမြေအတွက်
သကျသွေးနဲ့ မှတ်တိုင်တွေ ထူခဲ့မယ်…..။        မော်ကွန်းသစ်မှကူးယူထား၏

No comments:

Post a Comment